Slider

ဖင်လန်နိုင်ငံတွင် အပူချိန် (၁၇) ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်

 ဖင်လန်နိုင်ငံတစ်ဝန်း ယခု သီတင်းပတ် အစောပိုင်းတွင် အပူချိန်များ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး တောင်ပိုင်းဒေသများတွင်
၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်‌နေ့၌ အမြင့်ဆုံး (၁၇) ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာနိုင်ကြောင်း ဖင်လန်မိုးလေဝသနှင့် MTV ရုပ်သံလိုင်းတို့၏ ခန့်မှန်းချက်အရ သိရသည်။  

မတ်လ (၃၁) ရက်နေ့တွင် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၌ မိုးရွာသွန်းမှု အနည်းငယ်နှင့် Lapland ဒေသတွင် မိုးရွာခြင်း၊ မိုးနှင်းကျခြင်းတို့ ရောနှောဖြစ်ပေါ်နိုင်မှု အပါအဝင် မတည်ငြိမ်သော မိုးလေဝသအခြေအနေများ ကြုံရနိုင်သည်။

မိုးရွာသွန်းသော ဒေသများတွင် အပူချိန်မှာ (၁၀) ဒီဂရီစင်တီဂရိတ်အောက် ရောက်နေမည်ဖြစ်သည်။ နေရောင်ခြည် တိမ်ထုကို ဖောက်ထွက်လာပါက အရှေ့တောင်ပိုင်းတွင် အမြင့်ဆုံး အပူချိန် (၁၄) ဒီဂရီစင်တီဂရိတ်အထိ ဖြစ်လာနိုင်သည်။ Lapland အလယ်ပိုင်းအနီးတွင် ရေခဲမှတ် အပူချိန်ဖြစ်သည့် သုည ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေသည်။

ဧပြီလ (၂) ရက်နေ့တွင် ရာသီဥတုအခြေအနေ သိသိသာသာ ကောင်းမွန်လာမည် ဖြစ်သည်။ နိုင်ငံ၏ နေရာအများစုတွင် ခြောက်သွေ့ပြီး နေရောင်ခြည် ရရှိမည်ဖြစ်သော်လည်း အလယ်ပိုင်းဒေသများတွင်မူ တိမ်အနည်းငယ်ဖုံးကာ မိုးရွာသွန်းမှု အနည်းငယ် ဖြစ်ပေါ်နိုင်သည်။ ပုံမှန်ထက် ပိုမိုနွေးနေမည့် နွေဦးရာသီ အ‌စောပိုင်း ဖြစ်သည်။ 

ဧပြီလ (၂) ရက်နေ့မှာ သီတင်းပတ်၏ အပူဆုံးနေ့ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ဖင်လန်တောင်ပိုင်းတွင် အပူချိန် (၁၇) ဒီဂရီစင်တီဂရိတ်အထိ ဖြစ်လာနိုင်ကြောင်း၊ Ostrobothnia ဒေသတွင် (၁၃)-(၁၄) ဒီဂရီစင်တီဂရိတ်နှင့် Lapland ဒေသ၌ပင် (၁၀) ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် Elias Paakkanen က ပြောသည်။ ခြောက်သွေ့ပြီး နေရောင်ခြည်ရရှိသော ရာသီဥတုမှာ ဧပြီလ (၃) ရက်နေ့အထိ ဆက်လက် ဖြစ်ပေါ်နိုင်ကာ ဖင်လန်‌တောင်ပိုင်းတွင်လည်း အလားတူ အပူချိန်များသို့ ရောက်ရှိနေမည် ဖြစ်သည်။  

သို့သော် ဧပြီလ (၄) ရက်နေ့မှစ၍ အပူချိန်များ သိသိသာသာ ကျဆင်းလာမည်ဟု မိုးလေဝသပညာရှင်များက သတိပေးထားသည်။ Paakkanen က "ဒီအခြေအနေမှာ လုံးဝ ကျဆင်းသွားမယ့် အခြေအနေ ဖြစ်ပါတယ်" ဟု Paakkanen က ပြောကြားရင်း တစ်နိုင်ငံလုံးတွင် နေ့ခင်းဘက် အပူချိန်များ (၁၀) ဒီဂရီစင်တီဂရိတ်ကျော်သို့ ကျဆင်းနိုင်ကြောင်း ဖြည့်စွက် ပြောခဲ့သည်။

ဖင်လန်တောင်ပိုင်းတွင် အပူချိန်မှာ ဧပြီ (၃) ရက်နေ့၌ (၁၇) ဒီဂရီစင်တီဂရိတ်မှ ဧပြီ (၄) ရက်နေ့တွင် (၄) ဒီဂရီစင်တီဂရိတ်အထိ ထိုးကျသွားနိုင်သည်။ Lapland ဒေသတွင် နေ့အပူချိန်များ ရေခဲမှတ်အောက်သို့ ပြန်လည်ရောက်လာနိုင်သည်။

ထိုပြောင်းလဲမှုမှာ ဖင်လန်နှင့် ပိုမိုကျယ်ပြန့်သော ဒေသများ အပေါ်ဘက်ရှိ လေစီးကြောင်းများ၏ ဦးတည်ရာပြောင်းလဲမှုကြောင့်ဟု ဆိုသည်။ အဆိုပါ အေးမြသော လေစီးကြောင်းမှာ ဥရောပတလွှား နေရာအများအပြားအထိ ရောက်ရှိမည်ဖြစ်ပြီး အဝေးဆုံးအနေဖြင့် ဂရိနိုင်ငံ တောင်ပိုင်းဒေသများတွင် အေးခဲသော ညများနှင့် နှင်းကျမှုများ ဖြစ်ပေါ်စေမည်ဟု မိုးလေဝသပညာရှင် Markus Mäntykannas က ပြောသည်။

"ဒါက အပူချိန် အလွန်အမင်း ကျဆင်းမှု ဖြစ်ပါတယ်။ ဥရောပတိုက်တလွှား မြေပုံက အပြာရောင် ပြောင်းသွားမယ်" ဟု Mäntykannas က မတ်လ (၃၀) ရက်နေ့တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောခဲ့သည်။  

ဧပြီလ (၃) ရက်နေ့မှာ အေးမြသော ရာသီဥတု မရောက်မီ နောက်ဆုံး ပူနွေးသောနေ့ ဖြစ်လာမည်။ မတ်လ (၃၁) ရက်နေ့တွင်တွင် တောင်ပိုင်းဒေသများ၌ မိုးရွာသွန်းနိုင်ပြီး မြင့်တက်နေသော ဖုန်မှုန့်ပမာဏ လျော့နည်းသွားနိုင်သည်။ ဧပြီလ (၃) ရက်နေ့တွင် Lapland ၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မိုးနှင်းများနှင့် နှင်းများ ပြန်လည် ကျရောက်နိုင်သည်။ 

ဧပြီလ (၅) ရက်‌နေ့တွင် တစ်နိုင်ငံလုံး၌ နေ့အပူချိန်များမှာ ရေခဲမှတ်အနီးသို့ ရောက်ရှိနေမည် ဖြစ်သည်။ လာမည့် အေးမြသော ရာသီဥတုမှာ ဧပြီလအစောပိုင်းအတွက် ပုံမှန်မဟုတ်သော ဖြစ်စဉ်မဟုတ်ဟု Paakkanen က ဆိုသည်။ လက်ရှိ အခြေအနေများမှာ ရာသီမကုန်မီ ပုံမှန်ထက် ပိုမို ပူနွေးနေခြင်းဖြစ်ရာ အပူချိန်ကျဆင်းမှုကို ပိုမိုပြင်းထန်စွာ ခံစားရစေသည်။ 

ဖင်လန် မိုးလေဝသဌာန၏ အချက်အလက်များအရ မတ်လတွင် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် အနည်းငယ် လျော့နည်းခဲ့ပြီး ထိုအခြေအ‌နေက အချို့ဒေသများတွင် တောမီးလောင်မှုအန္တရာယ် သတိပေးချက်များ စောစီးစွာ ထုတ်ပြန်ရနိုင်သည်။ MTV ၏ ရာသီဥတုအဖွဲ့က ယခု သတီးပတ်ကုန်တွင် တစ်နိုင်ငံလုံး၌ ညအပူချိန်များ ရေခဲမှတ်အောက်သို့ ရောက်ရှိလာနိုင်ကြောင်း အတည်ပြုခဲ့သည်။ 

အချို့ကမ်းရိုးတန်းဒေသများတွင် နှင်းများ ခဏတာ ဖုံးလွှမ်းသွားနိုင်သည်။ အီစတာနေ့ (Easter) တဝိုက်တွင် အပူချိန်များ အနည်းငယ် ပြန်လည် မြင့်တက်လာနိုင်သော်လည်း ခန့်မှန်းချက်များမှာ မသေချာသေးဟု ဆိုသည်။



0

No comments

Post a Comment

blogger