ဖင်လန်နိုင်ငံ၏ မြို့တော် ဟယ်ဆင်ကီးမြို့ရှိ မြို့ခံများကြား လုံခြုံစိတ်ချရမှု ခံစားချက်မှာ လတ်တလော စစ်တမ်းတွင် ပုံမှန်ဖြစ်လာသော်လည်း မကြာသေးမီ နှစ်များအတွင်း ကျဆင်းခဲ့ကြောင်း သိရသည်။ မြို့တော်က နှစ်နှစ်တစ်ကြိမ် ပြုလုပ်သော Helsinki Barometer စစ်တမ်းတွင် မြို့သူမြို့သား အများစုမှာ ၎င်းတို့၏ မြို့နှင့် နေထိုင်ရာ ရပ်ကွက်များက အများအားဖြင့် လုံခြုံစိတ်ချရသည်ဟု ခံစားရကြောင်း ဖော်ပြထားသည်။
ဟယ်ဆင်ကီး မြို့သူမြို့သား အများစုဖြစ်သည့် (၇၀) ရာခိုင်နှုန်းက ၎င်းတို့ နေထိုင်ရာ ရပ်ကွက်များတွင် သီတင်းပတ်ကုန်ရက်များ၌ပင် လုံခြုံစိတ်ချရမှု ခံစားရကြောင်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုဆောင်းခဲ့သော လတ်တလော အချက်အလက်များကို အခြေခံ၍ စစ်တမ်းက ပြောကြောင်း ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် မြို့အာဏာပိုင်များက ပြောခဲ့သည်။
ဟယ်ဆီးကီးမြို့ခံများက ၎င်းတို့၏ မြို့မှာ လုံခြုံစိတ်ချရသည်ဟု ယူဆထားကြသည်။ သို့သော် လုံခြုံစိတ်ချရမှု ခံစားချက်မှာ မကြာသေးမီ နှစ်များအတွင်း အထူးသဖြင့် ညနေပိုင်းအချိန်များတွင် အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။ ဟယ်ဆင်ကီးမြို့ခံများက နယ်မြေအချင်းချင်းကြား မညီမျှမှုများ တိုးလာခြင်းနှင့် အခြား ကိစ္စရပ်များကို စိုးရိမ်နေကြသည်။
အများအားဖြင့် အမျိုးသမီးများက အမျိုးသားများထက် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်နှင့် မြို့လယ်ခေါင်တွင် လုံခြုံစိတ်ချရမှု ပိုနည်းကြောင်း ခံစားရသည်။ ညပိုင်းအချိန်များတွင် ဟယ်ဆင်ကီးမြို့လယ်ခေါင်က စိတ်မချရဟု အမျိုးသမီးများက ပိုမို ယူဆကြသည်။ မတူညီသော လူဦးရေအုပ်စုများ၏ အတွေ့အကြုံများကြား ကွဟာမှုမှာ ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။
ဟယ်ဆင်ကီးမြို့တွင် အားနည်းချက်များ စုစည်းရှိနေသည်။ နယ်မြေဆိုင်ရာ ကွာဟချက်များကလည်း လုံခြုံစိတ်ချရမှု ခံစားချက်အပေါ် သက်ရောက်ထင်ဟပ်စေသည်။ ညနေပိုင်းအချိန်၌ လုံခြုံမှုရှိသည်ဟု ခံစားရသူဦးရေမှာ လူမှုစီးပွား ကောင်းမွန်သူများ နေထိုင်ကြသည့် ရပ်ကွက်များ၌ သိသာစွာ ပိုများသည်။ လူနေမှု အဆင့်အတန်း၏ ကိုယ်ပိုင်အတွေ့အကြုံ (ချို့တဲ့မှု သို့မဟုတ် ချမ်းသာကြွယ်ဝမှု) က လုံခြုံမှုအပေါ် ခံစားချက်နှင့် ဆက်စပ်နေသည်။
ကိုယ့်ကိုယ်ကို လူမှုစီးပွားဆိုင်ရာ အခြေအနေကောင်းတွင် ရှိနေသည်ဟု ယူဆထားသူများမှာ ချို့တဲ့သူများ နေထိုင်ကြသော နေရာများတွင်လည်း ပိုမိုလုံခြုံစိတ်ချရမှုရှိသည်ဟု ခံစားကြရသည်။ အခြားတစ်ဖက်တွင် ကိုယ့်ကိုယ်ကို ချို့တဲ့သူအဖြစ် သတ်မှတ်ထားသူများမှာ လူမှုစီးပွားဆိုင်ရာ ပိုမိုကောင်းမွန်သော နေရာတွင် နေထိုင်ပါက အခြားသူများကဲ့သို့ပင် လုံခြုံမှုရှိသည်ဟု ခံစားကြရကြောင်း သိရသည်။
Helsinki Barometer စစ်တမ်းအရ ဟယ်ဆင်ကီးမြို့ရှိ လူ (၁၀) ဦးတွင် (၇) ဦးက လူနေရပ်ကွက်များအကြား မညီမျှကို စိုးရိမ်နေကြသည်။ မြို့၏ လူဦးရေထက်ဝက်ကျော်က စည်းကမ်းမဲ့ အပြုအမူများကို စိုးရိမ်နေကြသည်။ စစ်တမ်းအတွင်း ပွင့်လင်းသော ဖြေဆိုမှုများတွင် လုံခြုံမှုသည် ထိုပြဿနာများနှင့်အတူ မကြာခဏ ဖော်ပြလေ့ရှိသော အကြောင်းအရာတစ်ခု ဖြစ်သည်။
No comments
Post a Comment