ဖင်လန်နိုင်ငံက ဒုက္ခသည်များအတွက် နေထိုင်ခွင့်ပြုမှု ကာလကို ပိုမိုတင်းကျပ်ကာ လျှော့ချလိုက်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် စတင် သက်ရောက်ကြောင်း ဖင်လန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန (Migri) က သတင်းထုတ်ပြန်သည်။ Kansallinen Kokoomus (အမျိုးသားညွန့်ပေါင်းအဖွဲ့-NCP) ဦးဆောင်သော (၄) ပါတီပူးပေါင်းအစိုးရ၏ လုပ်ငန်းစဉ်အရ ဖင်လန်နိုင်ငံ၏ ခိုလှုံခွင့်ဆိုင်ရာ မူဝါဒကို တင်းကျပ်လိုက်ခြင်းလည်း ဖြစ်သည်။
ယခု အပြောင်းအလဲ စတင် သက်ရောက်ပြီးနောက်ပိုင်း ဒုက္ခသည်များအတွက် ခိုလှုံခွင့်နှင့် နေထိုင်ခွင့်သက်တမ်းတိုးမှု ထုတ်ပေးခြင်းကို ယခင်က (၄) နှစ် သတ်မှတ်ထားခဲ့ရာမှ (၃) နှစ်အဖြစ် လျှော့ချသွားမည်ဟု သိရသည်။ ယခုအခါ subsidiary protection ခေါ် နိုင်ငံတကာ အကာအကွယ်ပေးမှုအရ နေထိုင်ခွင့်ပြုမှုကို (၁) နှစ် ပေးထားပြီး secondary protection အရ နေထိုင်ခွင့်သက်တမ်းတိုးမှုကို ယခင်က (၄) နှစ်အစား (၂) နှစ်သို့ လျှော့ချသတ်မှတ်ထားသည်။
ဖင်လန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံတကာ အကာအကွယ်ပေးရန် လိုအပ်ချက်ကို ယခင်ကထက် ပို၍ မကြာခဏ အကဲဖြတ်သွားမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်တစ်ဦးကို လိုအပ်ချိန်အတွက်သာ နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုပေးရန်ဟု ဆိုသည်။ "ဆက်လက် အကာအကွယ်ပေးဖို့ လိုအပ်ချက်က လျှောက်ထားသူရဲ့ မိခင်နိုင်ငံရှိ လုံခြုံရေးအခြေအနေနဲ့ သူတို့ရဲ့ နိုင်ငံကို ပြန်မသွားနိုင်ခြေလို အချက်တွေပေါ် မူတည်ပါတယ်" ဟု Migri ၏ Extended and Permanent Residence Permits for International Protection အကြီးအကဲ Tommi Vallin က ပြောသည်။
"နိုင်ငံတကာ အကာအကွယ်ပေးမှု ခွင့်ပြုချက်တွေရဲ့ သက်တမ်းကို အီးယူ (EU - European Union) ဥပဒေက ခွင့်ပြုထားတဲ့ အနည်းဆုံး ကာလအထိ လျှော့ချသွားမှာ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေရဲ့ ရည်ရွယ်ချက်က အကာအကွယ် မလိုအပ်တော့သူတွေကို အကာအကွယ်ပေးမှု ပိုပြီး ထိထိရောက်ရောက် ရုပ်သိမ်းဖို့ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကလည်း နိုင်ငံတကာ အကာအကွယ်ပေးမှုနဲ့ ဒါကို အဆုံးသတ်ခြင်းအပေါ် အရင်တုန်းကထက် ပိုပြီးကြီးမားတဲ့ သက်ရောက်မှုရှိလာမှာပါ" ဟု ၎င်း ဆက်လက် ပြောခဲ့သည်။
No comments
Post a Comment