ဖင်လန်နိုင်ငံက နိုင်ငံခြားသာ ကျွမ်းကျင်သူများ လိုအပ်လျှက်ရှိပါသည်။ Finest Future (FF) ၏ စီမံခန့်ခွဲရေးမှူးချုပ် Tuomas Tiilikainen ၏ အဆိုအရ ကျွမ်းကျင်သူများကို အထက်တန်းကျောင်းသား အရွယ်ကတည်းက ဖင်လန်နိုင်ငံသို့ ခေါ်ယူနိုင်ကြောင်း သိရသည်။ FF က လာမည့် နှစ်များအတွင်း အလယ်တန်းကျောင်းသား အများအပြားကို ဖင်လန်နိုင်ငံတွင် ကျောင်းလာတက်ရန် ဆွဲဆောင်သွားမည်ဟု ရည်ရွယ်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ နှစ်တွင် ထိုကုမ္ပဏီက အဓိကအားဖြင့် အာရှဒေသမှ ကျောင်းသား (၁,၀၀၀) ခန့်ကို ဖင်လန်နိုင်ငံသို့ ခေါ်ယူခဲ့သည်။ FF က အဓိကအားဖြင့် အသက်အရွယ် အုပ်စုများ ကျုံ့သွားမှုကြောင့် ကျောင်းသားဦးရေ လျော့နည်းလာသော သေးငယ်သည့် အထက်တန်းကျောင်းများသို့ ကျောင်းသားများကို ခေါ်ယူသည်။
FF နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ပညာရေးအဖွဲ့အစည်းအတွက် တစ်နှစ်လျှင် ယူရို (၂,၅၀၀) ကုန်ကျသည်။ FF က စျေးကွက်ရှာဖွေရေးကို လုပ်ဆောင်ပြီး လျှောက်ထားသူများအား တွေ့ဆုံမေးမြန်းခြင်းနှင့် ဖင်လန်လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်ဖြစ် ပေါင်းစည်းပေးခြင်းတို့တွင် ကူညီပေးသည်။ ကျောင်းတည်နေရာမှာ အထက်တန်းကျောင်းများ အနေဖြင့် လျှောက်ထားသူအများဆုံး ဆွဲဆောင်နိုင်မှုအပေါ် အမှန်တကယ် သက်ရောက်မှုမရှိဟု Tiilikainen က ဆိုသည်။
ပို၍အရေးကြီးသောအချက်မှာ ကျောင်းသားအတွက် နေရာတစ်ခုတွင် မည်မျှ အဆင်ပြေကြောင်းနှင့် ဥပမာအားဖြင့် ကျောင်းအုပ်ကြီးနှင့် မည်မျှ လွယ်ကူစွာ တွေ့ဆုံနိုင်ခြင်း ဖြစ်သည်။ တက်ရောက်ခွင့်ရသည့် ကျောင်းတွင် အလွန် အဆင်ပြေ ကောင်းမွန်သော အတွေ့အကြုံရခဲ့သည့် ကျောင်းသားတစ်ဦး အနေဖြင့် ၎င်း၏ အတွေ့အကြုံများကို အခြားသူများကို ပြောပြပြီး စကားလက်ဆင့်ကမ်းခြင်းဖြင့်ကျောင်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးပြီး ကြော်ငြာပေးသလို ဖြစ်သည်။
ဖင်လန်တွင် Puskaradio ခေါ် လူအချင်းချင်းကြား သတင်းပေး ပြောဆိုကြရာမှ ပျံ့နှံ့မှုမှာ အရေးအပါဆုံး စျေးကွက်ရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်ကြောင်း Tiilikainen က ပြောသည်။ FF မှတစ်ဆင့် ရောက်ရှိလာသော ပထမဆုံးကျောင်းသားများမှာ ကျောင်းဝင်ခွင့်ရပါက Juva တွင် လာမည့် ဆောင်းဦးရာသီ၌ ကျောင်းစတက်နိုင်မည် ဖြစ်သည်။
အနီးအနားရှိ မြူနီစီပယ်များမှ ကောင်းမွန်သော အတွေ့အကြုံများနှင့် သေးငယ်သော အသက်အရွယ်အုပ်စုတို့က ပူးပေါင်းဆောင်ရွက်ရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း ဒုတိယကျောင်းအုပ်ကြီး Kari Leskinen က ပြောသည်။ South Savo ပညာရေး အဖွဲ့အစည်းများတွင် Rantasalmi, Mäntyharju, Sulkava နှင့် Kangasniemi ရှိ အထက်တန်းကျောင်းများက FF နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖြစ်သည်။ ထို့အပြင် Pieksämäki ရှိ Step Institute တွင်လည်း ကျောင်းသားများ ရောက်ရှိလာခဲ့သည်။
Juva အထက်တန်းကျောင်းက FF ကုမ္ပဏီမှတစ်ဆင့် နိုင်ငံခြားကျောင်းသား (၅) ဦးမှ (၇) ဦးအထိ ဆွဲဆောင်ရန် ရည်ရွယ်ထားသည်။ လက်ရှိတွင် အဆိုပါ အထက်တန်းကျောင်း၌ လူငယ် (၆၁) ဦး ပညာသင်ကြားလျက်ရှိသည်။ ကျောင်းသားများထံ ဆက်သွယ်ရာတွင် Juva ၏ အားသာချက်များမှာ ဝါသနာပါရာ သင်ယူနိုင်သည့် အခွင့်အလမ်းများ၊ အထက်တန်းကျောင်း ပြဇာတ်ရုံနှင့် အားကစား အကယ်ဒမီတို့ ဖြစ်ကြောင်း Leskinen က ရှုမြင်သည်။
South Savo တွင် ပထမဆုံး နိုင်ငံခြားသား အထက်တန်းကျောင်းသားများ ကျောင်းပြီးဆုံးတော့မည်။ FF မှတစ်ဆင့် Rantasalmi သို့ ရောက်ရှိလာသော ပထမဆုံး အထက်တန်းကျောင်းသားများမှာ နွေဦးရာသီတွင် မက်ထရစ်စာမေးပွဲများကို စတင် ဖြေဆိုကြမည် ဖြစ်သည်။ Rantasalmi အထက်တန်းကျောင်းတွင် လက်ရှိ နိုင်ငံတကာကျောင်းသား စုစုပေါင်း (၁၀) ဦးခန့်ရှိပြီး ၎င်းတို့အနက်မှ အချို့မှာ FF မှတစ်ဆင့် လာရောက်ခဲ့ကြသည်။
အချို့မှာ အထက်တန်းကျောင်း၏ ကိုယ်ပိုင်လျှောက်ထားမှုများမှတစ်ဆင့် လာရောက်ကြခြင်း ဖြစ်သည်။ ထိုကျောင်းသားများမှာ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှ ဖြစ်သည်။ "ကျွန်မတို့က ကျွန်မတို့ရဲ့ အထက်တန်းကျောင်းကို အထူးသဖြင့် ဂီတပြဇာတ်နဲ့ စတူဒီယို နည်းပညာများ သင်ကြားပေးမှုနဲ့ စျေးကွက်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါမှ ကျောင်းသားသစ်တွေက သူတို့ရဲ့ အားလပ်ချိန်မှာလည်း လုပ်ဆောင်စရာတွေ ရှိနိုင်မှာပါ" ဟု ကျောင်းအုပ်ဆရာမကြီး Katja Koivunoro က ပြောသည်။
Pieksämäki ကောလိပ်၏ ၂၀၂၃ ခုနှစ် ဆောင်းဦးတွင် စတင်ခဲ့သော အတန်းများအတွက် လျှောက်ထားသူ (၁၀၀) ကျော်ရှိခဲ့ကြောင်း ပညာရေးဒါရိုက်တာ Veka Ohtama က ပြောခဲ့သည်။ လက်ရှိတွင် မြန်မာ၊ အီရန်နှင့် နိုင်ဂျီးရီးယား နိုင်ငံများမှ ကျောင်းသား (၇၅) ဦးခန့် တက်ရောက်လျက်ရှိသည်။ ကောလိပ်၏ ရည်မှန်းချက်မှာ ကျောင်းသားများအား ဖင်လန်နိုင်ငံတွင် ရေရှည် အလုပ်အကိုင်များ ရရှိစေရန် ဖြစ်သည်။
ကျောင်းသား (၂၀) ခန့်သည် ၎င်းတို့၏ ပညာသင်နှစ်များအတွင်း အလုပ်အကိုင်များ ရရှိခဲ့ပြီး ဖြစ်သည်။ ထိုကျောင်းသားများက အလုပ်သင်များအဖြစ် ဘွဲ့ရသည်အထိ ကျောင်းဆက်တက်ကြလိမ့်မည်ဟု Ohtama က ဆိုသည်။ ကျောင်းသားများ၏ ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်မှုနှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်လိုစိတ်တို့ကို စာသင်ချိန်တွင်လည်း အထင်အရှား တွေ့နိုင်ပြီး ဆရာ/ဆရာမများအတွက အားတက်စရာဖြစ်ကြောင်း Ohtama က ချီးကျူးခဲ့သည်။
ထိုအတောအတွင်း FF ကုမ္ပဏီကို ဖင်လန်နိုင်ငံ၏ အခမဲ့ အထက်တန်းပညာရေးကို အသုံးချသည်ဟု ဝေဖန်မှုများလည်း ရှိနေခဲ့သည်။ FF ၏ စီမံခန့်ခွဲရေးမှူးချုပ် Tiilikainen ကမူ ကုမ္ပဏီ အနေဖြင့် သေးငယ်သည့် အထက်တန်းကျောင်းများနှင့် သေးငယ်သည့် လူ့အဖွဲ့အစည်းများကို ကူညီရန်နှင့် လုပ်သားအင်အား ရရှိနိုင်ရေး သေချာစေရန် လုပ်ဆောင်နေသည်ဟု ရှုမြင်ထားသည်။
ဖင်လန်တွင် ယခုအချိန်ထိ အသုံးမချရသေးသော နည်းလမ်းဖြင့် လုပ်သားအင်အား ပြဿနာကို FF က ဖြေရှင်းခဲ့ကြောင်း Tiilikainen က ဆိုသည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံတွင် နှစ်စဉ် နိုင်ငံခြားသား ကျောင်းသား မည်မျှ လက်ခံနိုင်ကြောင်း ခွဲတမ်းသတ်မှတ်ချက်များ ရှိသည်။ အစိုးရအနေဖြင့် အနာဂတ်တွင် Finnish Federation of Students' Unions နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု Tiilikainen က မျှော်လင့်ထားသည်။ ၎င်း၏ အဆိုအရ အမျိုးသားပညာရေး ဘုတ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
All rights belong to the original owner.
https://yle.fi/a/74-20073577
No comments
Post a Comment