Slider

ဖင်လန်နိုင်ငံ၏ (၄) ပါတီ ညွန့်ပေါင်းအစိုးရက စီးပွားရေး ပြုပြင်ပြောင်းလဲပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းကျပ်မည်

 ဖင်လန်နိုင်ငံတွင် Kansallinen Kokoomus (National Coalition Party-NCP) ဦးဆောင်သော အာဏာရ (၄) ပါတီ ညွန့်ပေါင်းအုပ်စုက ၎င်းတို့၏ ညွန့်ပေါင်းအစိုးရ လက်ထက်တွင် လုပ်ဆောင်သွားမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဥ်ကို ၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ သီတင်း (၇) ပတ်ကြာ ဆွေးနွေးခဲ့ပြီးနောက် အစိုးရက ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ညွန့်ပေါင်းပါတီ (၄) ခုမှ ခေါင်းဆောင်များက လူဝင်မှုကြီးကြပ်ရေး၊ အခြေချနေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ပြု ဥပဒေများ တင်းကျပ်သွားရန် ပါဝင်သည့် အစီအစဥ်တစ်ရပ်ကို သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ အစီအစဥ်အရ ဖင်လန်နိုင်ငံ၏ နှစ်စဥ် ဒုက္ခသည် ခွဲတမ်း လက်ခံမှုကို လက်ရှိ (၁,၀၅၀) ကနေ (၅၀၀) သို့ လျှော့ချသွားမည် ဖြစ်သည်။
ထို့အပြင် အစိုးရက အမြဲတမ်း အခြေချနေထိုင်မှုအတွက် လိုအပ်ချက်များကိုလည်း တင်းကျပ်သွားမည်ဖြစ်ပြီး ဖင်လန်နိုင်ငံသားဖြစ်ခွင့်ကို အလိုအလျောက် ရရှိတော့မည်မဟုတ်ဟု ဆိုသည်။ နိုင်ငံသားဖြစ်ခွင့်ရရန် စစ်ဆေးမှု ခံယူရန် လိုအပ်လာမည် ဖြစ်သည်။ ဖင်လန်အစိုးရက အမြဲတမ်း အခြေချနေထိုင်ခွင့်ပြုမှုဆိုင်ရာ လိုအပ်ချက်များကိုလည်း ပြင်ဆင်သွားမည် ဖြစ်ပြီး လက်ရှိ လိုအပ်ချက်များအပြင် နောက်ပိုင်းတွင် (၆) နှစ်ကြာ နေထိုင်ခဲ့မှုအပေါ် အခြေခံ၍ အမြဲတမ်း အခြေချနေထိုင်ခွင့်ပြုမှုကို ဆုံးဖြတ်မည်ဟု ဆိုသည်။
ထပ်တိုးလာသည့် လိုအပ်ချက်များတွင် ဘာသာစကား စစ်ဆေးမှုတွင် လုံလောက်သော ဘာသာစကား တတ်ကျွမ်းမှုကို ပြသနိုင်ခြင်း၊ အလုပ်လက်မဲ့ အကူအညီ သို့မဟုတ် လူမှုဖူလုံရေး အကူအညီ မရယူထားဘဲ (၂) နှစ်ကြာ အလုပ်လုပ်ကိုင်မှု မှတ်တမ်းနှင့် တင်းကျပ်သော ဂုဏ်သိက္ခာဆိုင်ရာ လိုအပ်ချက်တို့ ပါဝင်သည်။
နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားမှု ပယ်ချခံရသူများအား အလုပ်နှင့် ဆက်စပ်သော ရွှေ့ပြောင်းနေထိုင်မှု လုပ်ငန်းစဥ်သို့ ပြောင်းလဲလုပ်ဆောင်ခြင်းကို တားဆီးသွားမည် ဖြစ်သည်။ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားမှု ပယ်ချခံထားရသူတစ်ဦး အနေဖြင့် ခိုလှုံခွင့် လျှောက်ထားစဉ်အတွင်း အလုပ်ရရှိထားသော်လည်း ၎င်းကို နိုင်ငံမှ နှင်ထုတ်နိုင်သည်။
အလုပ်လုပ်ကိုင်နေသူတစ်ဦး၏ အခြေချနေထိုင်ခွင့်အတွက် ဝင်ငွေကန့်သတ်ချက်ကို လုပ်ငန်းကဏ္ဍအလိုက် အနည်းဆုံး နှုန်းထားအထိ တိုးမြှင့်တင်မည်ဖြစ်ပြီး တစ်လလျှင် ယူရို (၁,၆၀၀) အောက် မလျော့စေရဟု သတ်မှတ်ထားသည်။ (၄) ပါတီ ညွန့်ပေါင်းအစိုးရ ၂၀၃၁ ခုနှစ်တွင် ဖင်လန်နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယခု လွှတ်တော်သက်တမ်းအတွင်း အစိုးရ၏ အထွေထွေ အသုံးစရိတ်ကို ယူရို (၆) ဘီလီယံအထိ မြှင့်တင်ရန်လည်း ရည်ရွယ်ထားသည်။


0

No comments

Post a Comment

blogger