နွေးထွေးပွင့်လင်းပြီး စိတ်ရင်းအမှန်ဖြင့် ဆက်ဆံတတ်သူများ
ဖင်လန်လူမျိုးများမှာ နွေးထွေးပြီး ပွင့်ပွင့်လင်းလင်းရှိကာ ဟန်မဆောင်တတ်ဘဲ စိတ်ရင်းအမှန်ဖြင့် ပေါင်းသင်းဆက်ဆံတတ်ကြသည်။ဖင်လန်လူမျိုးတစ်ဦးနှင့် တွေ့ဆုံဖူးပါက ၎င်းတို့ နိုင်ငံသားများက တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်ပြီး စိတ်ကူးနှင့် စိတ်ခံစားချက်တို့ကို သိပ်ဖော်ပြလေ့မရှိဟု ပြောနိုင်သည်။ သို့သော် ဖင်လန်တို့က စကားနည်းပြီး ဖော်ရွေမှု မရှိသူတွေ မဟုတ်ကြပါ။ ဖင်လန်လူမျိုးများက စကားပြောကောင်းပြီး ဧည့်ဝတ်ကျေပွန်ကြသူများ ဖြစ်သည်။
အရေးမပါသော စကားပြောဆိုမှုကို မနှစ်သက်ကြ
ဖင်လန်လူမျိုးများက အရေးမပါသော စကားပြောဆိုမှုကို မနှစ်သက်ကြပါ။ စကားပြောနေစဉ်အတွင်း စကားပြတ်သွားပြီး ခေတ္တ တိတ်ဆိတ်သွားမှုကိုလည်း ကသိကအောက် ဖြစ်စရာအဖြစ် မမြင်ကြပါ။ တိတ်ဆိတ်သွားခြင်းမှာ အရေးကြီးသော ပြောစရာမရှိသေးသဖြင့်ဟုသာ မှတ်ယူကြသည်။ ဖင်လန်တို့၏ အမြင်တွင် စကားပြောနေရင်း စကားပြတ်သွားတိုင်း အရေးမပါသော စကားများနှင့် ဖြည့်ရန်မလိုဟု ဆိုသည်။ သို့သော် ဖင်လန်လူမျိုးများက စိတ်ရင်းအမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်သူများဖြစ်ရာ ၎င်းတို့ ပြောလိုက်သည့် စကားအတိုင်း လက်တွေ့ လုပ်ဆောင်လေ့ရှိကြသည်။
ဟာသဉာဏ်ရွှင်သော ဖင်လန်လူမျိုးများ
ဖင်လန်လူမျိုးများက ဟာသဉာဏ်ရွှင်သူများဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြက်လုံးထုတ်ရာတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ရှက်တတ်ပြီး သီးသီးသန့်သန့် နေတတ်သည့် စရိုက်ကို ဟာသလုပ် ပြောလေ့ရှိကြသည်။ အခြားနိုင်ငံများတွင် လူများက ကိုယ့်ကိုယ်ကိုယ် ဟာသလုပ်ပြောရန် ဝန်လေးတတ်ကြသော်လည်း ဖင်လန်လူမျိုး အများစုက ထိုသို့မဟုတ်ဟု ဆိုသည်။ ဖင်လန်တို့က ဟာသဉာဏ်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယ် မြှောက့်ပင့်တတ်ကြသူများ မဟုတ်ပါ။ကြွားဝါခြင်းမရှိ ရိုးရိုးကုပ်ကုပ် နေကြသူများ
ဖင်လန်လူမျိုးများက ရိုးရိုးကုပ်ကုပ် နေကြသူများ ဖြစ်သည်။ ၎င်းတို့နိုင်ငံတွင် အခြားနိုင်ငံများတွင် မြင်တွေ့ခွင့်မရနိုင်သော ဥတ္တရအလင်းတန်းများကို မြင်တွေ့နိုင်သည့် အခွင့်အလမ်းရှိနေသော်လည်း ဖင်လန်ကို ဘာကြောင့် လာချင်ကြတာဟုဆိုကာ အံ့အားသင့်နေတတ်ကြပြန်သည်။ ဖင်လန်နိုင်ငံတွင် ကြည့်စရာ ဘာမှမရှိဘူးဟု ဖင်လန်တို့က ပြောလေ့ရှိကြပေမဲ့ အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ဘဲ သဘာဝအလှတရားများနှင့် ပြည့်နှက်နေသည်။
ဖင်လန်လူမျိုးတစ်ဦး၏ အိမ်သို့ ဖိတ်ကြားခံပါက
ဖင်လန်လူမျိုးများ၏ အစစ်မှန်ဆုံး ပုံရိပ်ကို တွေ့ရမည့် အခိုက်အတန့် ဖြစ်သည်။ ဖင်လန်လူမျိုးတစ်ဦး၏ အိမ်သို့ သွားရောက်လည်ပတ်ပါက အဝတ်အစားကောင်းများ ဝတ်စရာမလိုပါ။ ထို့အတူ သတိထားပြုမူပြီး တောင့်တောင့်ကြီးဖြစ်နေစရာနှင့် အလွန် ယဥ်ကျေးရန်လည်း မလိုအပ်ပါ။ သက်သောင့်သက်သာနှင့် ရင်းရင်းနှီးနှီး ဖြစ်ရန်သာ အရေးကြီးသည်။
ဖင်လန်ယဥ်ကျေးမှုတွင် အရေးပါသော Sauna
ဖင်လန်လူမျိုးများအတွက် sauna ထက်ပိုသော ဖင်လန်ရိုးရာဆန်သည့်အရာ မရှိဟု ဆိုရမည်။ sauna မှာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာသော နေထိုင်မှု ပုံစံတစ်ခု ဖြစ်သည်။
sauna က ခန္ဓာကိုယ်ရော စိတ်ဝိညာဥ်ရော သန့်စင်စေသည့်အပြင် ကမ္ဘာသို့ အဝင်အထွက် လမ်းကြောင်းတစ်ခုအဖြစ် မြင်ကြသည်။ ရှေးခတ်တွင် အမျိုးသမီးများက sauna အခန်းထဲတွင် ကလေးမွေးဖွားလေ့ရှိပြီး လူတစ်ဦး သေဆုံးပါကလည်း နောက်ဆုံး ရေချိုးသန့်စင်မှုကို sauna ထဲတွင် ပြုလုပ်လေ့ရှိသည်။ ဖင်လန်လူမျိုးများက လမ်းပေါ်ထွက် ဆန္ဒပြလေ့ရှိသည့် ပုံစံမျိုးမဟုတ်သော်လည်း ၎င်းတို့၏ sauna ခံစားခွင့်ကို ကန့်သတ်ပါက အလွန် ဒေါသထွက်လိမ့်မည် ဖြစ်သည်။
ရာသီ (၄) မျိုးရှိသည့် ဖင်လန်နိုင်ငံ
ဖင်လန်နိုင်ငံ၏ နွေရာသီမှာ (၃) လခန့်သာရှိပြီး တိုတောင်းသော်လည်း ထိုသို့ ကာလတိုတောင်းမှုကြောင့်ပင် ပွဲတော်များကို ပို၍ပျော်ရွှင်စွာ ကျင်းပလေ့ရှိသည်။ ကြီးမားသော ဂီတပွဲတော်များမှ ဒေသဆိုင်ရာ ဈေးရောင်းပွဲများနှင့် ပြပွဲများအထိ အံ့အားသင့်စရာ အရေအတွက်ဖြင့် ပွဲများ ကျင်းပကြပြီး ညအလင်းရောင်များကလည်း ပွဲတော်လာရောက်သူများ အားအင်ကုန်ခမ်းမသွားစေရန် ဖန်တီးပေးထားသည်။
နွေရာသီတွင် ကျေးလက်ဒေသသို့ ခရီးထွက်ခြင်းသည်မှာ ဖင်လန်လူမျိုးတိုင်း၏ မဖြစ်မနေလုပ်ဆောင်ရမည့် အရာဖြစ်သည်။ ရေကန်နားရှိ တစ်ထပ်လေးများတွင် နေထိုင်ပြီး ဘာမှမလုပ်ဘဲ အနားယူခြင်း၊ အသားကင်ခြင်း၊ တစ်ခါတရံ ရေကန်ထဲသို့ ခုန်ဆင်းခြင်းတို့ဖြင့် အချိန်ကုန်ဆုံးကြသည်။
နေ့ခင်း နေရောင်ခြည်နှင့်အတူ ကျေးလက်တွင် နေထိုင်ခြင်းက အချိန်ဇယားများနှင့် ချိန်းဆိုမှုများကဲ့သို့သော နေ့စဉ် ပူပန်မှုများကို မေ့ပျောက်စေပြီး ပြန်လည် လန်းဆန်းလာစေရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
ထို့အတူ နွေဦးရာသီကလည်း ဖင်လန်နိုင်ငံတွင် အံ့ဩစရာကောင်းသော အချိန်ဖြစ်ပြီး အထူးသဖြင့် မြောက်ဘက်ဆုံးဒေသဖြစ်သော Lapland တွင် ဖြစ်သည်။ ဖင်လန်လူမျိုးများက ထိုဒေသတွင် နှင်းလျှောစီးရန်အတွက် ဖေဖော်ဝါရီမှ မေလအတွင်း လာရောက်လေ့ရှိကြသည်။
ဖင်လန်လူမျိုးများနှင့် သဘာဝ
ဖင်လန်နိုင်ငံတွင် သဘာဝနှင့် မည်သည့်အခါမှ ဝေးကွာနေခြင်း မရှိကြချေ။ ဖင်လန်လူမျိုးများမှာ အမှန်တကယ်ပင် သဘာဝနှင့် နီးကပ်စွာ ထိတွေ့နေထိုင်ကြပြီး သဘာဝကို တန်ဖိုးထားကြသည်။ မြို့ပြကနေ ရုန်းထွက်ခြင်းကို များစွာ တန်ဖိုးထားကြပြီး သစ်တောများအတွင်း လမ်းလျှောက်ခြင်းက အတွေးများကို စုစည်းရန်နှင့် သုံးသပ်ရန် ရိုးရှင်းသော်လည်း ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်သည်။
ဖင်လန်နိုင်ငံတွင် ထူးကဲသော အခြေအနေများနှင့် ပြည့်နှက်နေသည်။ ဥပမာအားဖြင့် အေးမြပြီး မှောင်မိုက်သော ဆောင်းရာသီများက နွေးထွေးပြီး အလင်းရောင်ရရှိချိန်များသော နွေရာသီများနှင့် အလှည့်ကျဖြစ်ပေါ်သည်။ ဖင်လန်လူမျိုးများက အေးလွန်းသော ဆေရေားရာသီတွင် ရေခဲရေထဲတွင် ရေကူးပြီးနောက် sauna အပူခန်းထဲတွင် ချွေးထုတ်ခြင်းတို့ လုပ်လေ့ရှိသည်။
https://www.visitfinland.com/en/articles/what-are-finns-like/
No comments
Post a Comment