ဖင်လန်နိုင်ငံထုတ် သတင်းစာများနှင့် မီဒီယာများတွင် ဖော်ပြပါရှိသော ဗုဒ္ဓဟူးနေ့၏ စိတ်ဝင်စားဖွယ်ရာ သတင်းကဏ္ဍများကို စုစည်းတင်ပြအပ်ပါသည်။
၁။ နည်းပညာဝန်ဆောင်မှုများကို အမေရိကန်အစိုးရ ပိတ်ပင်နိုင်သည့် "Kill Switch" စိုးရိမ်မှုများ တကယ်ဖြစ်လာ
အမေရိကန်ပိုင် နည်းပညာနှင့် ကွန်ရက်ဝန်ဆောင်မှုများကို နိုင်ငံရပ်ခြားတွင် အသုံးပြုနေမှုကို အမေရိကန်အစိုးရက အချိန်မရွေး ပိတ်ပင်ကန့်သတ်နိုင်သည့် "Kill Switch" အခြေအနေအပေါ် စိုးရိမ်မှုများမှာ အမှန်တကယ် ဖြစ်ပွားလာကြောင်း Kauppalehti စီးပွားရေးသတင်းစာက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်အစိုးရသည် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ဉာဏ်ရည်တု (AI) ကုမ္ပဏီတစ်ခုဖြစ်သော Anthropic အား ၎င်းတို့၏ နောက်ဆုံးပေါ် "Mythos" ဘာသာစကားမော်ဒယ်ကို နိုင်ငံခြားသုံးစွဲသူများ အသုံးပြုခွင့်မရစေရန် ပိတ်ဆို့ရန် အမိန့်ပေးခဲ့သည်။ ယခင်က AI ချစ်ပ်ပြားများကိုသာ ပြည်ပပို့ကုန်အဖြစ် ကန့်သတ်ခဲ့သော်လည်း ယခုအခါ ဘာသာစကားမော်ဒယ် (Language Model) ကို တိုက်ရိုက်ပိတ်ပင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဖင်လန်နိုင်ငံ၏ အမြင်အရမူ ယခုဆုံးဖြတ်ချက်တွင် အမေရိကန်က ၎င်း၏ ဥရောပမဟာမိတ်များကို သီးသန့်ပစ်မှတ်ထား ပိတ်ပင်ခြင်းမျိုး မတွေ့ရသဖြင့် စိတ်သက်သာရာရစရာ ဖြစ်သည်ဟု သတင်းစာက သုံးသပ်ထားသည်။
၂။ မွန်ဘိုင်းလမ်းမများပေါ်တွင် ကလေးဘဝကို ဖြတ်သန်းခဲ့ရသည့် နော်ဝေ-ဖင်လန် ကာယကံရှင်အကြောင်း အလေးထားစုံစမ်း
ဥရောပတိုက်သား မိဘများ၏ စွန့်ပစ်ခြင်းကို ခံရပြီး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ လမ်းမများပေါ်တွင် ကလေးဘဝ အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရသည့် အသက် ၃၃ နှစ်အရွယ် နော်ဝေ-ဖင်လန် သွေးနှောအမျိုးသား Lasse Lund ၏ ထူးခြားဆန်းပြားသော ဖြစ်ရပ်ကို Helsingin Sanomat သတင်းစာက အကျယ်တဝံ့ စုံစမ်းဖော်ပြထားပြီး ဖတ်ရှုသူအများဆုံး သတင်းဖြစ်ခဲ့သည်။
၎င်းက ဘုရားကျောင်းများနှင့် လမ်းဘေးများတွင် အိပ်စက်ကာ ကမ္ဘာလှည့်ခရီးသည်များကို လမ်းညွှန်လုပ်ပေးရင်း ဝမ်းစာရှာခဲ့ရကြောင်း၊ အသက် ၁၇ နှစ်အရွယ်တွင် ဖင်လန်သံရုံး၏ ကူညီမှုဖြင့်သာ အိန္ဒိယမှ ထွက်ခွာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအခါ ထိုစဉ်က ဖင်လန်အာဏာပိုင်များ၏ လုပ်ဆောင်ချက် ပျက်ကွက်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ချုပ် Jussi Tanner က "ဖင်လန်ကလေးတစ်ယောက် အိန္ဒိယလမ်းမပေါ်မှာ ဒီလိုပစ်ထားခံရတာကို အာဏာပိုင်တွေက ဝင်ရောက်မဖြေရှင်းပေးနိုင်ခဲ့ဘူးဆိုရင် အားလုံး စနစ်တကျ လည်ပတ်ခဲ့တယ်လို့ ပြောဖို့ခက်ပါတယ်" ဟု ဝန်ခံပြောကြားခဲ့သည်။
၃။ ဖင်လန်တွင် ဘုရားကျောင်းပြင်ပ ရုံးတွင်းလက်ထပ်ထိမ်းမြားမှုများ ပိုမိုများပြားလာ
ဖင်လန်နိုင်ငံတွင် နွေရာသီ မင်္ဂလာဆောင်ရာသီသို့ ရောက်ရှိလာချိန်၌ ဘုရားကျောင်းများတွင် မင်္ဂလာဆောင်ခြင်းထက် ဘုရားကျောင်းပြင်ပတွင် အရပ်ဘက်ဥပဒေအရ (Civil Wedding) ရုံးတက်လက်ထပ်သည့် စုံတွဲအရေအတွက် သိသိသာသာ တိုးတက်လာကြောင်း Hufvudstadsbladet သတင်းစာက ဖော်ပြသည်။
လွန်ခဲ့သည့် နှစ်က မင်္ဂလာဆောင်မှုအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးမှာ ရုံးတွင်းလက်ထပ်ပွဲများ ဖြစ်ကြပြီး ၄၀ ရာခိုင်နှုန်းသာ ဘုရားကျောင်းတွင် မင်္ဂလာဆောင်ခဲ့ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုက အခြေအနေနှင့် ပြောင်းပြန် ဖြစ်သွားခြင်းဖြစ်သည်။ အဆိုပါ တိုးတက်လာမှုမှာ လူငယ်မျိုးဆက်များအကြား ဘုရားကျောင်းဝင်အဖြစ် မှတ်ပုံတင်ထားသူ နည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း ဖင်လန်စာရင်းအင်းဌာနက ဆိုသည်။ ၂၀၂၅ ခုနှစ်စာရင်းအရ ဖင်လန်တွင် စုစုပေါင်း မင်္ဂလာဆောင်မှု ၂၂,၀၈၂ ခု ရှိခဲ့ပြီး ပထမဆုံးအကြိမ် လက်ထပ်ကြသည့် ပျမ်းမျှအသက်အရွယ်မှာ အမျိုးသမီး ၃၂.၆ နှစ်နှင့် အမျိုးသား ၃၄.၄ နှစ် ဖြစ်သည်။
၄။ ဆီးရီးယားဒုက္ခသည်ဘဝမှ ဖင်လန်နိုင်ငံ၏ "ယခုနှစ်အတွက် အကောင်းဆုံး ဒုက္ခသည်ဆု" ရ မင်းသားဖြစ်လာသူ
အသက် ၁၆ နှစ်အရွယ်တွင် ဆီးရီးယားရှိ ISIS အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး ယခုအခါ အသက် ၂၆ နှစ်အရွယ်တွင် ဖင်လန်နိုင်ငံ၌ ဝါရင့်မင်းသားတစ်ဦး ဖြစ်လာသည့် Youssef Asad Alkhatib အား ဖင်လန်ဒုက္ခသည်များကောင်စီက "ယခုနှစ်အတွက် အကောင်းဆုံး ဒုက္ခသည်" (Refugee of the Year) အဖြစ် ရွေးချယ်လိုက်ကြောင်း Yle News က ဖော်ပြသည်။
Alkhatib သည် တူရကီနှင့် ဂရိနိုင်ငံတို့ကို ဖြတ်ကျော်ကာ တစ်နှစ်ခွဲခန့် ခက်ခဲစွာ ခရီးနှင်ခဲ့ရပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်ဖြင့် ဖင်လန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ဖင်လန်နိုင်ငံသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် သရုပ်ဆောင်ဖြစ်ချင်သည့် ၎င်း၏အိမ်မက်အတွက် ပြဇာတ်ရုံများသို့ အီးမေးလ်ပို့ ဆက်သွယ်ခဲ့သည်။ ဘာသာစကားအခက်အခဲကြောင့် ဟဲလ်စင်ကီ ပြဇာတ်အကယ်ဒမီသို့ သုံးကြိမ်တိုင်တိုင် လျှောက်ထားခဲ့ရပြီး ယခုနှစ်အစောပိုင်းတွင် အနုပညာမဟာဘွဲ့ (Master of Arts) ကို ဒုက္ခသည်နောက်ခံရှိသူများထဲမှ ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ၎င်းက နောင်တွင် ဖင်လန်ဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင်ကာ လူမျိုးစုံကွဲပြားခြားနားမှု၏ လှပပုံကို ချပြချင်ကြောင်း ပြောကြားခဲ့သည်။
၅။ နေအိမ်တွင် ကလေးမွေးဖွားမှု တိုးပွားလာခြင်းနှင့်အတူ မွေးကင်းစကလေး သေဆုံးမှုများ ရှိနေခြင်းအပေါ် THL သတိပေး
ဖင်လန်ကျန်းမာရေးနှင့် လူမှုဖူလုံရေးအဖွဲ့ (THL) ၏ ၂၀၂၀-၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ နေအိမ်တွင် စနစ်တကျစီစဉ်၍ ကလေးမွေးဖွားမှု (Planned Home Births) အတွင်း မွေးကင်းစကလေး ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
၎င်းသေဆုံးမှုများအနက် ၅ ခုမှာ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ THL သုတေသနပရော်ဖက်ဆာ Mika Gissler က နေအိမ်တွင် ကလေးမွေးဖွားရန် ပြင်ဆင်မှုများ တိုးပွားလာခြင်းမှာ အံ့သြစရာဖြစ်ပြီး၊ ဝေဖန်မှုများရှိသော်လည်း လူအများစုမှာ အိမ်တွင် မွေးဖွားလိုကြသေးကြောင်း ဆိုသည်။ သို့သော် အစိုးရနှင့် ကျန်းမာရေးဌာနများ၏ တရားဝင်ရပ်တည်ချက်မှာ ကလေးမွေးဖွားရန် အန္တရာယ်ကင်းဆုံးနေရာမှာ ဆေးရုံသာဖြစ်ပြီး နေအိမ်တွင် မွေးဖွားခြင်းကို အားမပေးကြောင်း သတိပေးထားသည်။
၆။ အက်စ်ပိုမြို့ရှိ မူလတန်းကျောင်းများတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ပညာပေးသင်တန်းများ စတင်မည်
ဖင်လန်နိုင်ငံ၊ အက်စ်ပို (Espoo) မြို့ရှိ မူလတန်းကျောင်းများတွင် လာမည့်နှစ်အစမှစတင်ကာ ကလေးသူငယ်များအတွက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆိုင်ရာ ပညာပေးမှုများ (Anti-racist education) ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို "More Equal School" ဟု အမည်ပေးထားပြီး ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Education for Life Foundation က ကျန်းမာရေးနှင့် လူမှုဖူလုံရေးအဖွဲ့ (THL) ထံမှ ရန်ပုံငွေ ယူရို ၆၀၀,၀၀0 လျှောက်ထားခြင်းဖြစ်သည်။ ရန်ပုံငွေခွင့်ပြုချက်ရပါက ၂၀၂၇ မှ ၂၀၂၉ ခုနှစ်အတွင်း အက်စ်ပိုမြို့ရှိ ကျောင်းအားလုံးမှ စတုတ္ထတန်းမှ ဆဋ္ဌမတန်း (Grades 4-6) ကျောင်းသားများအား အရွယ်ရောက်ရုံအလိုက် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ အသိပညာပေးသွားမည်ဖြစ်သည်။ ပညာရေးဒါရိုက်တာ Juha Nurmi က "ဘာသာစကားမျိုးစုံပြောဆိုတဲ့ ကျောင်းသားတွေဟာ တခြားသူတွေထက် ပိုပြီးတော့ အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် အသိုက်အဝန်းထဲ မဝင်ဆံ့သလို ခံစားရတာမျိုး ရှိတတ်ပါတယ်" ဟု သင်တန်းပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


No comments
Post a Comment