Slider

ဒါဗို့စ်မြို့မှ ဖင်လန်သမ္မတ အလက်ဇန်းဒါး စတပ် (Alexander Stubb) ရဲ့ ဖြေကြားချက်များ

မေးခွန်း - ဖင်လန်နိုင်ငံဟာ နေတိုး (NATO) အဖွဲ့ထဲကို အခုမှ အသစ်စက်စက် ဝင်ထားတာဆိုတော့ နေတိုးအဖွဲ့ ပြိုကွဲတော့မယ့်အချိန်ကျမှ မှားဝင်မိသလို ဖြစ်နေပြီလား။
သမ္မတ စတပ် -
မဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး အမှန်တော့ ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲအပြီး နောက်ပိုင်း နေတိုးအဖွဲ့ကို အင်အားအကောင်းဆုံးဖြစ်အောင် တည်ဆောက်နေတဲ့ ဖြစ်စဉ်ထဲမှာ ရှိနေတာပါ ဒါကို "နေတိုး ၃.၀" (NATO 3.0) လို့တောင် ခေါ်လို့ရပါတယ် စစ်အေးတိုက်ပွဲအပြီးမှာ နိုင်ငံအတော်များများက ကာကွယ်ရေးကို လျှော့ချခဲ့ပေမဲ့ ဖင်လန်ကတော့ အမြဲတမ်း အသင့်ပြင်ထားခဲ့တာပါ ဖင်လန်နဲ့ ဆွီဒင် ဝင်လာတာကြောင့် နေတိုးရဲ့ နယ်နိမိတ်ဟာ နှစ်ဆတိုးသွားသလို ဥရောပကလည်း ပိုပြီး တာဝန်ယူလာတဲ့ နေတိုးအသစ်ကို ဖော်ဆောင်နေတာပါ
မေးခွန်း - ဥရောပက အမေရိကန်ရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာ ကာကွယ်နိုင်ပါ့မလား။
သမ္မတ စတပ် -
ကျွန်တော့်အဖြေကတော့ "သေချာပေါက် ကာကွယ်နိုင်ပါတယ်" ဥပမာ - ဖင်လန်မှာဆိုရင် စစ်မှုထမ်းပြီးသား အင်အား ၁ သန်းရှိပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာ စစ်သည် ၂ သိန်း ၈ သောင်းကို စုစည်းနိုင်ပါတယ် ။ ကျွန်တော်တို့ဆီမှာ F-18 တိုက်လေယာဉ် ၆၂ စီးရှိတယ်၊ F-35 တိုက်လေယာဉ် ၆၄ စီးလည်း ထပ်ဝယ်ထားတယ် ပိုလန်နဲ့အတူ ဥရောပမှာ အကြီးဆုံး အမြောက်တပ်ဖွဲ့လည်း ရှိပါတယ် ဒါကြောင့် ရုရှားရဲ့ တိုက်ခိုက်မှုကို ဖင်လန်စစ်တပ်က ကာကွယ်နိုင်သလားလို့ မေးရင် "နိုင်ပါတယ်" လို့ပဲ ဖြေရပါမယ်
မေးခွန်း - စစ်ပွဲတစ်ခုကို အနိုင်ရဖို့အတွက် ဘာတွေ လိုအပ်တယ်လို့ ထင်ပါသလဲ။
သမ္မတ စတပ် -
စစ်ပွဲတွေကို စစ်မြေပြင်မှာ တိုက်ကြပေမဲ့ အောင်ပွဲကိုတော့ ကိုယ့်အိမ် (မိမိနိုင်ငံ) ထဲမှာပဲ ဖော်ဆောင်ရတာပါ ဆိုလိုတာက အရပ်ဘက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေဖြစ်တဲ့ "ဘက်စုံလုံခြုံရေး" (Comprehensive Security) ကို အလေးထားရပါမယ် ။ ဖင်လန်မှာဆိုရင် လူဦးရေ ၄ သန်းကျော်အတွက် ဗုံးခိုကျင်းတွေ ရှိတယ်၊ အစားအသောက်၊ စွမ်းအင်နဲ့ လျှပ်စစ်မီး ပြတ်တောက်မှု မရှိအောင် ကြိုတင်ပြင်ဆင်ထားပါတယ် ဥရောပနိုင်ငံတွေအနေနဲ့လည်း ဒီလို စွမ်းဆောင်ရည်မျိုးတွေ ရှိဖို့ လိုပါတယ်
မေးခွန်း - ရုရှားနဲ့ ယူကရိန်း စစ်ပွဲအပေါ် သမ္မတရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။
သမ္မတ စတပ် -
ဒီစစ်ပွဲဟာ သမ္မတ ပူတင်အတွက် မဟာဗျူဟာမြောက် အမှားကြီးတစ်ခုပါ ။ သူက နေတိုးအဖွဲ့ကို ပိုကြီးလာစေခဲ့တယ်၊ ယူကရိန်းကိုလည်း ဥရောပသား ဖြစ်သွားစေခဲ့တယ် အခုအချိန်မှာ ရုရှားရဲ့ စီးပွားရေးကို ကြည့်ရင် ငွေကြေးဖောင်းပွမှုက ၃၀% နီးပါး ဖြစ်နေပြီး စစ်ပွဲပြီးသွားရင် စစ်သားတွေကို လစာပေးဖို့တောင် မတတ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ် ဒါကြောင့် ကျွန်တော်ကတော့ ရုရှားက စစ်နိုင်မှာထက် စစ်ပွဲကို သူတို့ မရပ်စဲနိုင်မှာကို ပိုစိုးရိမ်ပါတယ်
မေးခွန်း - အခုလက်ရှိ ကမ္ဘာကြီးရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘာများ ထပ်ပြောချင်ပါသလဲ။
သမ္မတ စတပ် -
ကမ္ဘာ့အခြေအနေဟာ ၁၉၁၈၊ ၁၉၄၅ နဲ့ ၁၉၈၉ တုန်းကလိုပဲ အကြီးအကျယ် ပြောင်းလဲနေပါတယ် ။ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ တစ်ခုက အင်အားကြီးနိုင်ငံတွေကပဲ အပိုင်စီးပြီး သဘောတူညီချက်တွေ လုပ်ကြတဲ့စနစ် (Multipolar world) ဖြစ်ပြီး၊ နောက်တစ်ခုကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စည်းဉ်းစည်းကမ်းတွေအပေါ် အခြေခံတဲ့စနစ် (Multilateral world) ပါ ကျွန်တော်ကတော့ ဒုတိယစနစ်ကို ထောက်ခံပါတယ် ဒါပေမဲ့ အဲဒီစနစ်မှာလည်း ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) က အင်အားကြီးနိုင်ငံတွေကို ပိုပြီး နေရာပေးဖို့ လိုအပ်နေပါပြီ


0

No comments

Post a Comment

blogger