ကင်ဆာရောဂါများထဲတွင် သေဆုံးမှုနှုန်းအမြင့်ဆုံး ကင်ဆာတစ်မျိုးဖြစ်သော ပန်ကရိယကင်ဆာသည် ပိုမိုအဖြစ်များလာနေကြောင်း ဖင်လန်နိုင်ငံ ကင်ဆာမှတ်တမ်းဌာန (Finnish Cancer Registry) မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါသည်။ ရောဂါလက္ခဏာများသည် အခြားသော ရောဂါများနှင့် ဆင်တူယိုးမှားဖြစ်နေတတ်သဖြင့် ကနဦးအဆင့်တွင် ရောဂါရှာဖွေတွေ့ရှိရန် ခက်ခဲလေ့ရှိပြီး နောက်ကျမှသာ သိရှိရသည့်အခါတွင်မူ ကုသရန် အခွင့်အလမ်းနည်းပါးသွားလေ့ရှိပါသည်။
ပန်ကရိယကင်ဆာ ဖြစ်ပွားနှုန်း တိုးလာခြင်း
၂၀၂၃ ခုနှစ်အတွက် ကင်ဆာဆိုင်ရာ စာရင်းအင်းအစီရင်ခံစာအရ အမျိုးသား ၆၉၀ ဦးနှင့် အမျိုးသမီး ၆၀၆ ဦးတို့တွင် ပန်ကရိယကင်ဆာသစ် စုစုပေါင်း ၁,၂၉၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ၁,၁၉၂ ဦးသာ ရှိခဲ့ရာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀၄ ဦး တိုးလာခဲ့ခြင်းဖြစ်သည်။ ကင်ဆာမှတ်တမ်းဌာနမှ ဒါရိုက်တာ Janne Pitkäniemi က ကာလရှည်ကြာ လေ့လာကြည့်ရှုသည့်အခါတွင် ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်လျှင် ၀.၅% ခန့် တိုးတက်လာနေသည်ဟု ဆိုပါသည်။
ဖြစ်ပွားနှုန်း တိုးလာရခြင်း၏ အဓိကအကြောင်းရင်းမှာ အသက်အရွယ်ကြီးရင့်လာသော လူဦးရေ တိုးလာခြင်းကြောင့် ဖြစ်ပြီး၊ ပုံမှန်အားဖြင့် အသက် ၇၀ ဝန်းကျင်တွင် အဖြစ်များကြောင်း သိရသည်။ ထို့ပြင် အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည်လည်း ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အခြားအန္တရာယ်ဖြစ်စေနိုင်သည့်အချက်များ (risk factors) ဖြစ်ကြသည်။ Pitkäniemi ၏ ခန့်မှန်းချက်အရ လက်ရှိတွင် ပန်ကရိယကင်ဆာလူနာသစ် ၁,၃၀၀ ဦးခန့် ရှိနေသော်လည်း ၂၀၃၅ ခုနှစ်တွင် ၁,၅၀၀ ဦးအထိ တိုးလာနိုင်သည်ဟု ဆိုသည်။
ကင်ဆာသေဆုံးမှုနှုန်းတွင် တတိယနေရာ၌ ရပ်တည်နေခြင်း
ပန်ကရိယကင်ဆာသည် ဖြစ်ပွားနှုန်းတိုးလာသလို သေဆုံးမှုနှုန်းလည်း မြင့်မားပါသည်။ ၂၀၂၃ ခုနှစ်တွင် ပန်ကရိယကင်ဆာကြောင့် အမျိုးသား ၆၉၂ ဦးနှင့် အမျိုးသမီး ၆၇၃ ဦး၊ စုစုပေါင်း ၁,၃၆၅ ဦး သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သေဆုံးသူ ၁,၂၆၆ ဦးသာ ရှိခဲ့ရာ ၉၉ ဦး တိုးလာခဲ့ခြင်းဖြစ်သည်။ ပန်ကရိယကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာများထဲတွင် မပါဝင်သော်လည်း သေဆုံးမှုအများဆုံး ကင်ဆာများစာရင်းတွင် ထိပ်ဆုံး၌ ပါဝင်သည်။ ၂၀၂၃ ခုနှစ်တွင် အဆုတ်နှင့် လေပြွန်ကင်ဆာ၊ အူမကြီးကင်ဆာတို့ပြီးနောက် ပန်ကရိယကင်ဆာသည် ကင်ဆာကြောင့် သေဆုံးမှုအများဆုံး တတိယအဆင့်တွင် ရှိနေသည်။
နောက်ကျမှ ရောဂါသိရှိရခြင်းနှင့် ကုသမှုအခြေအနေ
Pitkäniemi က ပန်ကရိယကင်ဆာသည် ကုသရန် အလွန်ခက်ခဲပြီး သေဆုံးမှုနှုန်း အမြင့်ဆုံး ကင်ဆာများထဲမှ တစ်မျိုးဖြစ်ကြောင်း ရှင်းပြသည်။ ရောဂါရှာဖွေတွေ့ရှိပြီးနောက် တစ်နှစ်အတွင်း လူနာ၏ ၃၀ ရာခိုင်နှုန်းခန့်သာ အသက်ရှင်နိုင်ပြီး ငါးနှစ်အကြာတွင်မူ ၇-၈ ရာခိုင်နှုန်းခန့်သာ အသက်ရှင်နိုင်ကြောင်း ဖော်ပြခဲ့သည်။
"ပန်ကရိယကင်ဆာရဲ့ အဆိုးဆုံးအချက်ကတော့ ရောဂါကို နောက်ကျမှ တွေ့ရှိရတာပါပဲ"
ဟု Tampere တက္ကသိုလ်ဆေးရုံမှ အစာအိမ်နှင့် အူလမ်းကြောင်းခွဲစိတ်ဆရာဝန် Antti Siiki က ဆိုသည်။ အများအားဖြင့် ပန်ကရိယကင်ဆာကို ရောဂါပျံ့နှံ့နေပြီး ခွဲစိတ်ကုသ၍မရသည့် အဆင့်ရောက်မှသာ တွေ့ရှိရလေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။
သို့သော်လည်း ယခုအခါတွင် အခြေအနေများမှာ လွန်ခဲ့သည့် နှစ် ၂၀ ခန့်ကလောက် စိတ်ပျက်စရာ မကောင်းတော့ပါ။ ကင်ဆာမဖြစ်မီ အဆင့်များကို ပိုမိုနားလည်လာကြပြီး ကင်ဆာမဖြစ်မီ အကျိတ်များကို ရောဂါရှာဖွေစစ်ဆေးသည့် ကိရိယာများတွင် နှစ်ပေါင်းများစွာ ကြိုတင်တွေ့ရှိနိုင်ကြောင်း Siiki က ပြောပြခဲ့သည်။ ထိုသို့ ကြိုတင်သိရှိရပါက ခွဲစိတ်ကုသရန် အချိန်မီရရှိပြီး ကောင်းမွန်သော ရလဒ်များ ရရှိနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့ပြင် ခွဲစိတ်ကုသမှုနည်းလမ်းများ တိုးတက်လာခြင်းကြောင့် ယခုအခါ အကျိတ်များကို ဖယ်ရှားနိုင်သည့် လူနာအရေအတွက် ပိုမိုများပြားလာပြီဟု သိရသည်။
ပန်ကရိယကင်ဆာ၏ သိမ်မွေ့သော ရောဂါလက္ခဏာများ
ပန်ကရိယကင်ဆာ၏ ရောဂါလက္ခဏာများသည် အခြားသော ရောဂါများနှင့် ဆင်တူတတ်သဖြင့် လျစ်လျူရှုမိလေ့ရှိသည်။ ရောဂါအစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာများ မပြသခြင်း သို့မဟုတ် သာမန်မျှသာ ခံစားရခြင်းများ ဖြစ်တတ်သည်။
အများဆုံး တွေ့ရတတ်သည့် လက္ခဏာများမှာ-
ကိုယ်အလေးချိန်ကျခြင်း
ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း
ခါးနာခြင်း
နောက်ပိုင်းတွင် အကျိတ်သည် သည်းခြေရည်စီးဆင်းမှုကို ပိတ်ဆို့လာပါက အသားအရေဝါလာခြင်း (အသားဝါရောဂါ) ဖြစ်လာနိုင်သည်။ ထို့ပြင် အူလမ်းကြောင်းလုပ်ဆောင်ချက်များ ပြောင်းလဲနိုင်ပြီး ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။ လူနာအနည်းငယ်တွင်မူ ကင်ဆာ၏ လက္ခဏာအဖြစ် ရုတ်တရက် ပန်ကရိယရောင်ခြင်း (acute pancreatitis) ဖြစ်တတ်သည်ဟု သိရသည်။
မည်သည့်ရောဂါမဆို စောစီးစွာသိရှိပါက ကုသမှုခံယူရန် အခွင့်အရေး ပိုမိုကောင်းမွန်သဖြင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက ကျွမ်းကျင်ဆရာဝန်နှင့် အချိန်မီတိုင်ပင်ဆွေးနွေးပြီး စစ်ဆေးမှုများ ခံယူသင့်ပါသည်။
No comments
Post a Comment