Slider

ဖင်လန်နိုင်ငံက မိသားစုပြန်လည်ပေါင်းစည်းရေး လိုအပ်ချက်များကို တင်းကြပ်မည်

ပြည်ထဲရေးဝန်ကြီးဌာန၏အဆိုအရ ပြောင်းလဲမှုများသည် ဇွန်လ ၁၆ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။

ဖင်လန်နိုင်ငံက မိသားစုပြန်လည်ပေါင်းစည်းရေးအတွက် အခြေအနေများကို တင်းကြပ်တော့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ မိသားစုပြန်လည်ပေါင်းစည်းရေးဆိုသည်မှာ မိသားစုဆက်ဆံရေးအပေါ် အခြေခံ၍ နိုင်ငံခြားသားများအား နေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးခြင်းကို ရည်ညွှန်းသည်။

အစိုးရက သမ္မတ အလက်ဇန္ဒား စတပ် (Alexander Stubb) အား ပြင်ဆင်ချက်များကို အတည်ပြုရန် အဆိုပြုထားသည်။ ပြောင်းလဲမှုများသည် ဇွန်လ ၁၆ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝန်ကြီးဌာန၏အဆိုအရ စည်းမျဉ်းအသစ်များသည် ဥရောပသမဂ္ဂ၏ မိသားစုပြန်လည်ပေါင်းစည်းရေး ညွှန်ကြားချက် (EU Family Reunification Directive) ကို အခြေခံထားသည်။ 

"ဖင်လန်က ညွှန်ကြားချက်က ခွင့်ပြုထားတဲ့ ရွေးချယ်နိုင်တဲ့ နောက်ထပ်အခြေအနေတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးတော့မှာပါ" 

ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏အဆိုအရ မိသားစုအခြေခံ နေထိုင်ခွင့်လက်မှတ်ကို အိမ်ထောင်ဖက်အား ခွင့်ပြုရန်အတွက် အိမ်ထောင်ဖက်နှစ်ဦးစလုံး အနည်းဆုံး အသက် ၂၁ နှစ်ရှိရန် လိုအပ်မည်ဖြစ်သည်။ ဖင်လန်နိုင်ငံသားများသည် ဤလိုအပ်ချက်နှင့် မသက်ဆိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဖော်ပြထားသော အခြေအနေများ

"နိုင်ငံတကာ အကာအကွယ်ရရှိထားတဲ့ မူမမှီသေးသူရဲ့ မိသားစုဝင်တစ်ဦးက မိသားစုပြန်လည်ပေါင်းစည်းဖို့ လျှောက်ထားတဲ့အခါ အချို့ခြွင်းချက်တွေနဲ့အတူ လုံလောက်တဲ့ ငွေကြေးအရင်းအမြစ်တွေ ရှိဖို့လိုအပ်ပါလိမ့်မယ်"

ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံတကာ အကာအကွယ်ရရှိထားသူများသည် 

"ပုံမှန်အားဖြင့်" ၎င်းတို့၏ မိသားစုဝင်များ မိသားစုပြန်လည်ပေါင်းစည်းရန် လျှောက်ထားနိုင်ခြင်းမရှိမီ "၂နှစ်" ဖင်လန်တွင် နေထိုင်ပြီးဖြစ်ရန် လိုအပ်မည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ဥပဒေပြောင်းလဲမှုများသည် ပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် 

"ရွှေ့ပြောင်းနေထိုင်သူများအား ၎င်းတို့၏ ပေါင်းစည်းမှုအတွက် ပိုမိုတာဝန်ယူရန် တိုက်တွန်းရန်"

 ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ 

"ဒါ့အပြင် ကလေးတွေကို နိုင်ငံထဲကို ဝင်ရောက်ဖို့ နည်းလမ်းအဖြစ် အသုံးပြုတာ၊ အတင်းအကျပ် လက်ထပ်ထိမ်းမြားတာ၊ လွယ်လွယ်ကူကူ လက်ထပ်ထိမ်းမြှားတာ စတဲ့ လူ့အဖွဲ့အစည်းနဲ့ တစ်ဦးချင်းစီကို ထိခိုက်စေတဲ့ လုပ်ဆောင်မှုတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေပါတယ်"

ဟု ဝန်ကြီးဌာနက ဆိုသည်။

ဝန်ကြီးဌာနက လိုအပ်ချက်အသစ်များသည် ဖင်လန်၏ ပြည်တွင်းလုံခြုံရေးကို တိုးတက်စေမည်ဟု ပြောကြားခဲ့သည်။ ပြင်ဆင်ချက်များ၏ နောက်ထပ်ရည်ရွယ်ချက်မှာ နိုင်ငံ၏ မိသားစုပြန်လည်ပေါင်းစည်းရေးဆိုင်ရာ မူဝါဒများနှင့် ဥပဒေများကို အခြားဥရောပနိုင်ငံများနှင့် ကိုက်ညီစေရန် ဖြစ်သည်။



0

No comments

Post a Comment

blogger